လူလုပ်သကြား နဲ့ သဘာဝ သကြား ဘယ်အရာက ကျန်းမာရေးကို ထိခိုက်စေနိုင်လဲ
သကြားဆိုတာက အချိုအရသာကို ပေးစွမ်းတဲ့ အရာတစ်မျိုးပေါ့။ အခုနောက်ပိုင်းမှာတော့ လူတွေက ကျန်းမာစေဖို့အတွက် ရောဂါတွေ ကင်းစေဖို့အတွက်ဆိုပြီး အချိုလျှော့စားတာတွေ ရှိသလို အချိုမပါတဲ့ အစားအစာတွေကို စားတာမျိုးလည်း ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ အချိုအရသာအတွက် စားသုံးကြတဲ့ လူလုပ်သကြား နဲ့ သဘာဝ သကြား ဘယ်အရာက ကျန်းမာရေးကို ထိခိုက်စေနိုင်လဲဆိုတာကို ပြောပြပေးထားတာမို့ စာလေးကို ဆုံးအောင် ဖတ်ကြည့်လိုက်တော့နော်။
သကြားဆိုတာ ဘာလဲ?
သကြားဆိုတာက ကာဗိုဟိုက်ဒရိတ် တစ်မျိုးပါ။ အမျှင်ဓာတ်လည်း ပါဝင်သလို ကစီဓာတ်လည်း ပါဝင်နေပါတယ်။ အရသာက ချိုပြီး သွေးတွင်းမှာ အချိုဓာတ် ရရှိစေဖို့ ထောက်ကူပေးပါတယ်။ အချိုပွဲတွေမှာ ပါသလို အချိုရည်စတာတွေမှာလည်း ပါဝင်နေပါတယ်။
သကြားဓာတ်ကို သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ နှံစားသီးနှံတွေနဲ့ နို့ထွက်ပစ္စည်းတွေမှာ တွေ့ရပါတယ်။
သကြား ကျန်းမာရေးအတွက် ဆိုးစေသလား?
သကြားက သူ့အတိုင်းတော့ မဆိုးပါဘူး။ ခန္ဓာကိုယ်က ကောင်းစွာ လှုပ်ရှားနိုင်စေဖို့အတွက် သကြားဓာတ်ကို လိုအပ်ပါတယ်။ အစားအစာတွေကနေရတဲ့ ကစီဓာတ်ကို ခန္ဓာကိုယ်က သကြားဓာတ်အဖြစ် ပြောင်းလဲစေပြီး သွေးကြောတွေထဲကနေတဆင့် ဆဲလ်တွေဆီကို သကြားဓာတ်ကို ပို့ဆောင်ပေးပါတယ်။ ဒီလို ပို့ဆောင်ပေးလိုက်တဲ့ သကြားဓာတ်ကို ခန္ဓာကိုယ်က စွမ်းအင်အဖြစ် အသုံးချပါတယ်။ ဒါပေမယ့် သကြားကို သေသေချာချာ ရွေးချယ်ဖို့တော့ လိုပါမယ်။
သကြားအရင်းအမြစ်ကို သေချာလေး ဆန်းစစ်ဖို့ လိုပါမယ်။
အစားအစာတွေထဲမှာ ထပ်ထည့်ပြီး အသုံးပြုတဲ့ သကြားနဲ့ သဘာဝအတိုင်း တွေ့ရတဲ့ သကြားတွေကြားမှာ ကြီးမားတဲ့ ကွာခြားချက် ရှိနေပါတယ်။ ဒိုးနတ်စ်တွေ၊ ပေါင်မုန့်၊ သကြားလုံး၊ ဆိုဒါ၊ သစ်သီးအချိုရည်၊ လက်ဖက်ရည်ချို နဲ့ အခြားသော အချိုစာတွေလိုမျိုး ပြုပြင်ထားတဲ့ အစားအစာတွေမှာ သကြားတွေ အများကြီးပါဝင်နေပါတယ်။
သကြားတွေကို အများကြီးစားတာက သွေးတွင်းသကြားဓာတ် မြင့်တက်နေတာ၊ အင်ဆူလင် တုံ့ပြန်နိုင်စွမ်း နည်းနေတာ၊ သွေးတွင်းအဆီများတာ၊ အဝလွန်တာ၊ အမျိုးအစား - ၂ ဆီးချို ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။
သကြားအစားထိုး လူလုပ်သကြားတွေဆိုတာ
သကြားအစားထိုး လူလုပ်သကြားတွေက အရသာ ချိုပေမယ့် သကြား မပါပါဘူး။ သဘာဝ သကြားထက် ကယ်လ်လိုရီ ပါဝင်မှု နည်းသလို ကယ်လ်လိုရီ လုံးဝ မပါဝင်တာမျိုးလည်း ရှိပါတယ်။ “sugar-free,” “keto,” “low carb” နဲ့ “diet” လို့ အမည်တပ်ထားတဲ့ အစားအစာတွေမှာ သကြားအစားထိုး လူလုပ်သကြားတွေ ပါဝင်နေပါတယ်။
လူလုပ်သကြားတွေကို ဓာတ်ခွဲခန်းတွေမှာ ဓာတုပစ္စည်းတွေကနေ ထုတ်လုပ်တာဖြစ်ပြီး အနည်းစုကိုပဲ ဆေးဖက်ဝင် အပင်တွေကနေ ပြုလုပ်ကြပါတယ်။ ဒီလူလုပ်သကြားတွေက စားပွဲတင် သကြားတွေထက် အဆ ၂၀၀ ကနေ ၇၀၀ လောက်အထိ ပိုချိုကြပါတယ်။
လူလုပ် သကြားတွေမှာ ဗီတာမင်တွေ၊ အမျှင်ဓာတ်၊ သတ္တုဓာတ်တွေနဲ့ အင်ဒီအောက်ဆီးဒင့်တွေလိုမျိုး ကောင်းကျိုးပြု အာဟာရဓာတ်တွေ မပါဝင်ပါဘူး။ ပုံမှင်္နအားဖြင့်တော့ လူလုပ်သကြားတွေကို သွေးတွင်းသကြားဓာတ်နဲ့ ကိုယ်အလေးချိန်ကို စောင့်ကြည့်ဖို့ လိုအပ်သူတွေမှာ အသုံးများကြပါတယ်။ အချို့သော ကျွမ်းကျင်သူတွေကတော့ လူလုပ်သကြားတွေက ကိုယ်အလေးချိန် တက်တာ၊ ကင်ဆာလိုမျိုး ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်တယ်လို့ ယုံကြည်နေကြပါတယ်။ တိတိကျကျ သိရှိနိုင်ဖို့ လေ့လာမှုတွေကို ဆက်လက်လုပ်ဆောင်နေဆဲပါ။
မွန်မွန်